အသက်(၂၃) နှစ်အရွယ် မာရီကလဲမစ်ရှဲလ်ဆိုသူအမျိုးသမီးဟာ သူမဆီ မဖွယ်မရာပုံတွေပို့ခဲ့တဲ့အမျိုးသားတစ်ဦးကို ပညာကောင်းကောင်းပြခဲ့ကြောင်း thesun သတင်းစာမျက်နှာအရ သိရပါတယ်။ လက်လီအရောင်းဆိုင်တစ်ဆိုင်မှာ မန်နေဂျာဖြစ်တဲ့သူမဟာ တစ်နေ့တော့ အမျိုးသားတစ်ယောက်ဆီက friend request တစ်ခုကို လက်ခံရခဲ့ပါတယ်။
သူငယ်ချင်းဖြစ်ပြီးတဲ့နောက် ထိုသူက မာရီကို မျက်လုံးပြာပြာလေးနဲ့မှဲ့ခြောက်လေးတွေက သူ့စိတ်ကိုယိမ်းယိုင်စေတယ်ဆိုပြီး ရည်းစားရှိမရှိမေးပါတယ်။ မာရီက ရည်းစားရှိတယ်ပြောတော့ သူငယ်ချင်းဖြစ်ဖို့ တောင်းဆိုပါတယ်။ နာရီအနည်းငယ်အကြာမှာပဲ ထိုသူဟာ သူ့ရဲ့ခန္ဓာကိုယ်အောက်ပိုင်းပုံ (၃) ပုံကို မာရီ့ဆီပို့ခဲ့တာ ဖြစ်ပါတယ်။
မာရီက ဒီအကြောင်းကို သူမရည်းစားနစ်ခ်ဆီပြောပြပြီး နှစ်ယောက်ပေါင်းကာ ထိုသူ့ကိုစနောက်ဖို့ အကြံရခဲ့ပါတယ်။ မာရီက သူမဆီပုံတွေပို့တဲ့အမျိုးသားကို ဓာတ်ပုံတွေမမြင်ရကြောင်း၊ သူမရဲ့ဖုန်းထဲမှာ porn blocker ထည့်ထားတဲ့အတွက် ပုံမပေါ်တာ ဒါကြောင့် ဖြစ်နိုင်ကြောင်းပြောပြလိုက်ပါတယ်။ ပြီးတော့ သူမရဲ့ porn blocker က ရဲစခန်းနဲ့ ချိတ်ထားတဲ့အတွက် မဖွယ်မရာပုံပို့သူရဲ့အချက်အလက်တွေနဲ့ သူ့ဓာတ်ပုံတွေက ရဲစခန်းရောက်သွားပြီဆိုပြီး ခြိမ်းခြောက်ခဲ့ပါတယ်။
မာရီရဲ့တုံ့ပြန်စကားကို ကြားရအပြီးမှာတော့ တစ်ဖက်အမျိုးသားက သူကမူးနေလို့ ဒီလိုပို့တာပါဆိုပြီး ပြန်ပြောခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့ profile တွေ၊ ဓာတ်ပုံတွေပါ ရဲစခန်းတန်းရောက်သွားပြီလို့လည်းသိရော ၄င်းအမျိုးသားက မာရီရဲ့ဖုန်းတွေ၊ အကောင့်တွေကိုပါ ချက်ချင်းပဲ ဘလော့သွားခဲ့ပါတယ်။
မာရီကတော့ “ကောင်မလေးတော်တော်များများက ဖုန်းထဲကို porn blocker တွေထည့်ထားတဲ့အကြောင်း ကြားဖူးတယ်။ ဒါကြောင့် ကျွန်မလည်း ဒီနှာဘူးကို ပြန်ပြီး အရူးလုပ်လိုက်တာ။ ကျွန်မထင်တာက ဒီလူတော့ ကျွန်မဆီ ဖုန်းဆက်ပြီး ကျွန်မလိမ်နေတဲ့အကြောင်း၊ ဒီလိုမျိုးမဖြစ်နိုင်ဘူးဆိုတဲ့အကြောင်း ပြောမယ်ထင်နေတာ။ လက်စသတ်တော့ ဘယ်ဟုတ်မလဲ။ သူက တကယ်ထင်သွားတာ။ သူ့မဖွယ်မရာပုံတွေ စခန်းရောက်သွားတယ်ပြောတော့ အရမ်းကြောက်သွားတာနေမှာ။ တစ်ခါထဲဘလော့သွားရော။ ဒါကြောင့် တခြားအမျိုးသမီးတွေကိုလည်း ဉာဏ်သုံးဖို့ပြောချင်ပါတယ်။ ဒီလိုကောင်တွေကို မှတ်လောက်အောင် ပညာပေးသင့်တယ်..” လို့လည်း ဆိုခဲ့ပါသေးတယ်။
credit- လင်းလင်း (ShweMom)