မြန်မာပြည်က မိဘတိုင်း ဒီလို စိတ်ဓာတ်မျိုး ရှိသင့်တယ်

 ကျမက သားကို အောင်စာရင်းထွက်ပြီးတာနဲ့ တစ်လပဲ နားခိုင်းပြီး သူငယ်ချင်းဆိုင်မှာကူလုပ်ဖို့ ပို့ထားလိုက်တယ် သူငယ်ချင်းက မေးရှာတယ် ဖြစ်ပါ့မလား လုပ်နိုင်ပါ့မလား ကလေးက အခုမှ စာသင်ခန်းထဲက ထွက်တာ အိမ်မှာလည်း ဘာမှလုပ်ဖူးတာ မဟုတ်ဘူးတဲ့ အေး အဲ့တာကြောင့် မင်းဆီပို့တာပေါ့ အိမ်မှာလည်း ဘာမှ မလုပ်ဖူးဘူး သူ ဘာမှလည်း မသိဘူး မတတ်ဘူး အခုမှ သူ အားလုံးသင်ယူရမှာ တခြားအလုပ်သမားတွေကို ခိုင်းသလိုခိုင်း တခြားအလုပ်သမားတွေ ပေးသလိုပေး ငါ့သားဆိုတာကို မေ့ထားဆိုပြီး သူငယ်ချင်းဆီ ပို့ထားလိုက်တာ မနက် 6 နာရီ ထမင်းချိုင့်နဲ့အလုပ်သွား ညနေ သုံးနာရီမှ ပြန် သူ့လုပ်အားခ စဝင်တဲ့လ တစ်လ တစ်သိန်းရတယ် နောက်လ တစ်သိန်းတစ်သောင်း နောက်လတွေကျလည်း တိုးပေးဦးမယ်တဲ့ အချိန်ပိုဆင်းရရင် တစ်နာရီကို တစ်ထောင်နှုန်း ရတဲ့လုပ်အားခ ကိုယ်မသုံးဘူး ကိုယ့်ဘဏ်စာအုပ် သူ့ကိုပေးထားပြီး သူ့ငွေ သူ့ဟာသူ စု ဒါကို ပတ်ဝန်းကျင်ကလူတွေကရော ကိုယ့်အမျိုးတွေကပါ ကိုယ့်ကို ပြောကြတယ်။
 သားလေးတစ်ယောက်ရှိတာ ခိုင်းစားတယ် အမေလုပ်သူက ကလေးကို အရွယ်မရောက်သေးဘဲ ပိုက်ဆံရှာခိုင်းတယ် အမေက ငွေမက်တယ်ပေါ့ အမျိုးတွေကလည်း ကိုယ့်ကလေး သူများဆီ အလုပ်သမားအဖြစ်ထားတာ သိက္ခာကျတယ် ဒီအရွယ် ငွေရှာခိုင်းတဲ့အရွယ်လားပေါ့ အမျိုးမျိုး အပြစ်တင်ကြတာ ဘယ်သူတွေ ဘာပြောပြော ကိုယ်က ဂရုမစိုက်ဘူး ကိုယ့်စိတ်ကူးနဲ့ကိုယ် ကိုယ့်အစီအစဉ်နဲ့ကိုယ် လုပ်တာ။ကိုယ်က ကလေးကို ငွေရှာခိုင်းတာ မဟုတ်ဘူး ပညာရှာခိုင်းတာ တစ်ဦးတည်းသောသားမို့ အိမ်မှာ အစစ အရာရာ အလိုလိုက်ထား ပြည့်စုံအောင် အရာရာဖြည့်ဆည်းပေးထားတော့ မပြည့်စုံမှုဆိုတာ သူမသိဘူး ဘယ်အရာကိုမှ တန်ဖိုးထားရကောင်းမှန်းမသိ လိုချင်ရကောင်းမှန်းမသိ နှမျောရကောင်းမှန်း မသိနဲ့ ကြီးလာခဲ့တာ ကိုယ်တွေငယ်တုန်းက ဘယ်လိုဆင်းရဲခဲ့တာ ဘယ်လိုကြိုးစားခဲ့တာလို့ ပြောပြလည်း ပုံပြင်နားထောင်သလိုပဲ သူ အတုယူရကောင်းမှန်း မသိခဲ့ဘူး ဟော  အခု သူကိုယ်တိုင် အလုပ်လုပ်ရပြီ မိဘမဟုတ်တဲ့ သူစိမ်းတွေနဲ့ အလုပ်လုပ်ရတော့ ဘယ်သူမှ သူ့ကို ဦးစားပေးတယ် ညှာတာတယ်ဆိုတာ မရှိဘူး အလုပ်သမားတွေအားလုံး တန်းတူပဲ လုပ်ကြ စားကြရတာ အချိန်တန် လုပ်ခရတယ် သူ လုပ်အားတန်ဖိုးကို သိသွားပြီ အရင်က ငွေ သုံးသောင်း ငါးသောင်း တစ်ရက်တည်းကုန်အောင် သုံးချင်သုံးပစ်တဲ့ကလေးက အခု ငွေတစ်သောင်းသုံးဖို့ အတော်စဉ်းစားနေပြီ စီးပွားရေးလုပ်ဖို့ စိတ်ကူးနေပြီ အလုပ်ရှင်က အလုပ်သမားကို ဘယ်လိုခိုင်းတာ အလုပ်သမားက အလုပ်ရှင်မသိအောင် ဘယ်လိုညစ်တာတွေ သူသိလာပြီ။

သူတစ်ယောက်တည်းနေရင် တစ်လတစ်သိန်းဝင်ငွေက လူတစ်ယောက်ရဲ့ တစ်လအသုံးစရိတ် မလောက်ဘူးနော်တဲ့ သူ့ဝင်ငွေနဲ့ သူ့အသုံးစရိတ် သူတွက်တတ်လာပြီ သူ့ကိုယ်သူ ယုံကြည်မှုတွေ ရှိလာပြီ ကျမလိုချင်တာ ဒါပဲ လူ့လောကနဲ့ လူတွေအကြောင်းကို စာသင်ခန်းထဲက သင်မပေးနိုင်ဘူး ကျမတို့မိဘတွေဆိုတာ သားသမီးအသက်နဲ့အမျှ အတူနေသွားပေးဖို့ မဖြစ်နိုင်ဘူး မိဘတွေမရှိတော့တဲ့အချိန် သူတို့ လူ့လောကထဲ ရဲရဲဝံ့ဝံ့ ရပ်တည်နိုင်အောင် လုပ်ပေးရမယ်။အဆိုး အကောင်း လောကဓံကို ခံနိုင်ရည်ရှိအောင် လေ့ကျင့်ပေးထားရမယ် အလုပ်အားချိန်မှာ သင်ချင်ရာ သင် ဆိုပြီး ခွင့်ပြုထားတယ် အင်္ဂလိပ်စာ ကွန်ပျူတာ သင်တယ် ဂစ်တာတီးသင်တယ် ကြက်ခြေနီက အလုပ်ရှိလို့ ခေါ်ရင် သွားတယ် တနင်္ဂနွေနေ့ ဓမ္မစကူးလ်မှာ ကူလုပ်ပေးတယ် ဘာအချုပ်အနှောင်မှ မရှိဘဲ ဘဝကို လွတ်လပ်စွာနေဖို့ ခွင့်ပြုထားတယ် ဒါဟာ ပထမ ခြေလှမ်း ဘွဲ့ရပြီးလို့ ဒီထက် တည်ငြိမ်ရင့်ကျက်လာရင် ဒုတိယခြေလှမ်း တတိယခြေလှမ်း သူ့အတွက် အများကြီး စဉ်းစားပေးထားတယ် တစ်ယောက်တည်းသောသားမို့ ရှိသမျှအားတွေ ပုံအောထားတယ် ဒါပေမယ့် ကိုယ်စီစဉ်သလိုပဲ ဖြစ်ရမယ်လို့ ဘယ်တော့မှ ခံယူမထားဘူး။
သူစီစဉ်တာ ကိုယ်အားလုံး ပံ့ပိုးပေးမယ် အရာရာ သူ့ဆုံးဖြတ်ချက်အတိုင်းပဲ လူဖြစ်သည့်အတွက် လူ့စည်းကမ်း လူ့ဘောင်ကနေ ချော်မထွက်ရင် ပြီးရော ပညာရေး စီးပွားရေး အိမ်ထောင်ရေးမှအစ အရာအားလုံး သားစိတ်တိုင်းကျ ဆုံးဖြတ် မဆုံးဖြတ်ခင် သေချာစဉ်းစား ဆုံးဖြတ်ပြီးလုပ်လိုက်လို့ရလာတဲ့ ကောင်းကျိုး ဆိုးကျိုးအားလုံး သားကိုယ်တိုင် ခံစားရမှာလို့ ပြောထားပြီးသား ဘာကိစ္စဖြစ်ဖြစ် မေမေတို့ကို တိုင်ပင်လို့ရတယ် အကူအညီတောင်းလို့ရတယ် မေမေတို့ လုပ်ပေးနိုင်တာအားလုံး လုပ်ပေးမယ်လို့ ကဲ………ကျမတို့ မိသားစု ဘယ်လောက် ဒီမိုကရေစီကျလိုက်သလဲ။