ဘယ်သူပဲဖြစ်ဖြစ် ချစ်သူစွန့်ပစ်ခံရပြီးနောက် လုံးဝမလုပ်သင့်တဲ့ အရာများ
ချစ်သူနဲ့ ပြတ်စဲတယ်ဆိုတာ လူတိုင်းနီးပါး ကြုံရနိုင်ပါတယ်။ ချစ်သူနဲ့ ပြတ်စဲတဲ့အခါ ခံစားရတဲ့ စိတ်ကျဝေဒနာဟာ တစ်ခြားစိတ်ဖိအားတွေထက် ကြီးမားပါတယ်။ ပညာဉာဏ်နဲ့ မကုစားနိုင်ဘူးဆိုရင် အဲဒီလူဟာ အသည်းကွဲတဲ့နွံထဲကနေ ရုန်းထွက်နိုင်ဖို့ မလွယ်ပါဘူး။ ချစ်သူက စွန့်ပစ်ခံလိုက်ရပြီဆိုရင် ဒီအချက်တွေ မလုပ်သင့်ကြောင်း AlinnMyay(အလင်းမြေ) က အကြံပေးပါရစေ။
(၁) အမူးသောက်ခြင်း
ယောက်ျားလေးတွေ တော်တော်များများကတော့ ချစ်သူစွန့်ပစ်ခံရပြီဆိုရင် အမူးသောက်တာပါဘဲ။ ဆိုရှယ်ကျတဲ့ မိန်းကလေးတွေလည်း ဒီလို လိုက်လုပ်တတ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ချစ်သူက စွန့်ပစ်ခံရရင် စိတ်ညစ်ညစ်နဲ့ အမူးသောက်တာမျိုး ရှောင်ရပါမယ်။ ရောဂါအခံရှိသူဆိုရင် သေသွားနိုင်ပါတယ်။ မဟုတ်လည်း ခေါင်းကိုက်တာကလွဲပြီး သင့်အတွက် ဘာမှ ကျန်မှာ မဟုတ်ပါဘူး။ ပြီးခဲ့တာက ပြီးခဲ့ပြီပဲ။
(၂) အသည်းကွဲသီချင်းတွေ နားထောင်ခြင်း
အသည်းကွဲသီချင်းတွေ နားထောင်တာဟာ ချစ်သူစွန့်ပစ်ခံရချိန်မှာ အန္တရာယ်ရှိပါတယ်။ စိတ်ဓာတ်အလွန်ကျနေသူဆိုရင် တစ်ခြား မလိုလားအပ်တဲ့ ဆိုးကျိုးတွေကို ဦးတည်စေပါတယ်။ အမျိုးသမီးတွေကတော့ ခေါင်းအုံးမှာ မျက်နှာအပ်ပြီး ငိုတတ်ကြပါတယ်။ ငိုတာကတော့ အကြောင်းမဟုတ်ပါဘူး။ တချို့စိတ်ဖိအားတွေက ငိုမှ ပျောက်တာပါ။
(၃) ပွဲကြမ်းခြင်း
ဟိုဘက်က မလိုအပ်လို့ စွန့်ပစ်သွားတာကို သင်က မကျေမနပ်နဲ့ ပွဲသွားကြမ်းရင် မလိုအပ်တဲ့ လူမှုရေးပြဿနာတွေ သင် ထပ်ရှင်းရနိုင်ပါတယ်။ အသည်းကွဲတယ်ဆိုတာ အဲဒီလိုမဟုတ်ဘဲ၊ တစ်ခြားနည်းနဲ့ ဖြေရှင်းလို့ရတဲ့ ပုံစံတွေ အများကြီးရှိပါတယ်။ ခရီးထွက်တာ၊ စာအုပ်တွေဖတ်တာ၊ ဟာသကားတွေ ကြည့်တာ၊ သူငယ်ချင်းတွေကို အချိန်ပိုပေးတာ၊ ကြိုက်ရာလုပ်လို့ရပါတယ်။
(၄) ကောက်ကာငင်ကာ အသစ်ရှာခြင်း
တစ်ခါတလေ မရင့်ကျက်သူ တော်တော်များများက အိုးရွဲ့ကို စလောင်းပဲ့နဲ့ ဖုံးချင်ကြပါတယ်။ ဒါဟာ ဘယ်လိုမှ ကောင်းနိုင်တဲ့ ဖြေရှင်းမှု မဟုတ်ပါဘူး။ တစ်ယောက်နဲ့ပြတ်ပြီး အခြားတစ်ယောက်ကို အမြန်ကောက်ကာ ငင်ကာရှာတာမျိုးဟာ ထင်မှတ်မထားဘဲ ဘဝနဲ့ချီပြီး ရေတိမ်နစ်သွားနိုင်ပါတယ်။ သင် နှစ်ခါ ရှုံးသွားနိုင်တဲ့သဘောပါ။
(၅) ငါမရှိရင် အေးမှာဆိုတဲ့အတွေး
လူငယ်တွေတော်တော်များများက အများကြီး မတွေးတတ်ကြပါဘူး။ ရည်းစားနဲ့ပြတ်သွားတဲ့အခါ ငါမရှိရင် အေးမှာပဲဆိုတဲ့ အတွေးမျိုး တွေးတတ်ကြပါတယ်။ ဒီအတွေးဟာ ဘယ်အချိန်ပဲဖြစ်ဖြစ် ကြောက်စရာအကောင်းဆုံး အတွေးပါ။ တစ်စုံတစ်ယောက်အတွက် မိုက်ရူးရဲဆန်ဆန် သေပြလိုက်ခြင်းအတွက် သင်ဟာ သူရဲကောင်း ဖြစ်လာမှာ မဟုတ်ပါဘူး။ အသည်းကွဲတာကနေ ဘယ်လို အောင်မြင်စွာရုန်းထွက်မလဲဆိုတဲ့ ရင့်ကျက်တဲ့ နည်းလမ်းကို ရွေးချယ်သင့်ပါတယ်။
နတ်သူကြီး-AlinnMyay(အလင်းမြေ)